วันอังคารที่ 30 สิงหาคม พ.ศ. 2559



 ဘူမိစတုက္ကဘုံ(၄)



သတ္တဝါတို့၏ တည်ရာဌာနကို အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ ဟူ၍ လေးမျိုး ခွဲခြား ပြ၏။
အပါယ်ဘုံ (၄)
ကုသိုလ်ကောင်းမှုတို့ကို ပြုခွင့် များစွာ မရ၊ အကုသိုလ်တို့သာ များပြားသော အရပ်ဌာန ဖြစ်၏။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ အပါယ် လေးဘုံ ရှိ၏။
ငရဲဘုံ
ချမ်းသာ မရှိသော အရပ်ဌာန ဖြစ်၏။
‘သဉ္ဇိုင်း’၊ ‘ကာလသုတ်’၊ ‘သင်္ဃာတ’၊ ‘ရောရုဝ’၊ ‘မဟာရောရုဝ’၊ ‘တာပန’၊ ‘မဟာတာပန’ ‘အ၀ီစိ’ ဟု ငရဲကြီး ရှစ်ထပ် ရှိ၏။
တစ်ထပ်စီ၏ အရပ်လေးမျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊
သန်လျက်ကဲ့သို့အရွက်ရှိသော သစ်ပင်တောငရဲ ဟူ၍ ငရဲငယ် လေးခုစီ၊
(ရှစ်ထပ်လုံးတွင် ၈x၄x၄=၁၂၈)
အခြားတစ်နည်း - တစ်ထပ်စီ၏ အရပ်လေးမျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်တောငရဲ၊
ကြိမ်ပိုက်ချောင်းငရဲ ဟူ၍ ငရဲငယ် ငါးခုစီ (ရှစ်ထပ်လုံးတွင် ၈x၄x၅=၁၆၀)
ရှိ၏။
ငရဲဘုံတွင်ရှိသော ယမမင်းများမှာ စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းများ ဖြစ်ကြပြီး၊ ငရဲထိန်းများမှာ
စာတုမဟာရာဇ်နတ်မျိုးအပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များ ဖြစ်ကြ၏။ ကုသိုလ်မများ
အကုသိုလ်မကြီး ငရဲသို့ကျရောက်လာသူများကို ကယ်တင်ရန်အလို့ငှါ စစ်ဆေး
မေးမြန်းရ၏။
တိရစ္ဆာန်ဘုံ
အလျားလိုက်သွားတတ်သော သတ္တဝါများ နေထိုင်ရာ အရပ်ဖြစ်၏။ သီးခြား ဘုံဌာနဟု မရှိပေ။ သူတို့၏ ခန္ဓာကိုယ်သာလျှင် သူတို့၏ ဘုံဖြစ်၏။
ပြိတ္တာဘုံ
ချမ်းသာမှ ဝေးသော အရပ်သို့ ရောက်သော သတ္တဝါကို ပြိတ္တာဟု ခေါ်၏။ ဘုံဌာန သီးခြား မရှိ။
အသူရကာယ်ဘုံ
ပြိတ္တာမျိုးပင် ဖြစ်၏။ စားစရာ သောက်စရာ မရှိ၊ အမြဲတမ်း ဒုက္ခခံစားနေရသော သတ္တဝါများ ဖြစ်၏။ ဘုံဌာန သီးခြား မရှိ။
ဤအသူရကာယ်နှင့်မဆိုင်သော အခြား အသုရာ လေးမျိုး ရှိ၏။
(၁) မြင်းမိုရ်တောင်အောက်၌ နေသော တာဝတိံသာနတ်တို့၏ဆန့်ကျင်ဘက်နတ်များကိုလည်း အသုရာ ဟု ခေါ်၏။
(၂) ဘုမ္မစိုးနတ်ကြီးများကို မှီခို ကပ်ရပ်လျက် နေရသော နတ်ငယ်ကလေးများကိုလည်း အသုရာ ဟု ခေါ်၏။
(၃) တစ်ခါ တစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများကိုလည်း အသုရာ ဟု ခေါ်၏။
(၄) စကြာဝဠာကြီး သုံးခု၏ အစပ်အကြား၌ဖြစ်သော လောကန္တရိက်ငရဲသားများကိုလည်း ဗုဒ္ဓဝင်အဋ္ဌကထာ၌ အသုရာ ဟု သုံးနှုန်းထား၏။
ကာမသုဂတိဘုံ (၇)
ကာမတဏှာနှင့်တကွဖြစ်သော ကောင်းသောဘဝ အရပ်ဌာနများ ဖြစ်၏။
‘လူ့ဘုံ’ (မနုဿဘုံ)နှင့် ‘စတုမဟာရာဇ်’၊ ‘တာဝတိံသာ’၊ ‘ယာမာ’၊ ‘တုသိတာ’၊ ‘နိမ္မာန,ရတိ’၊
‘ပရနိမ္မိတဝသဝတ္တီ’ နတ်ပြည် ခြောက်ထပ်တို့ကို ကာမသုဂတိ ၇-ဘုံဟု ခေါ်၏။
မနုဿ = မကောင်းမှုလုပ်ငန်း၌ အနန္တရိယကံ (မိဘသတ်မှု စသည်) တိုင်အောင် ပြုနိုင်ကြ၍၊
ကောင်းမှုအရာဝယ် ဘုရားဖြစ်သည့်တိုင်အောင် စွမ်းနိုင်ကြသော
ထက်မြက်သောစိတ်ရှိသည့် သူ။
စာတုမဟာရာဇာ = ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ (ဝေဿဝဏ္ဏ ဟုလည်း ခေါ်၏) နတ်မင်းကြီး ၄-ယောက်
စာတုမဟာရာဇိက = နတ်မင်းကြီးး ၄-ယောက်၌ ဆည်းကပ် ခစားရသော လက်အောက်ခံနတ်များ
တာဝတိံသာ = သုံးဆယ့်သုံးယောက်သော အမျိုးသားတို့ဖြစ်ရာ ဌာန
ယာမာ = နတ်ချမ်းသာသို့ ကောင်းစွာရောက်သော နတ်များ၏ ဌာန
တုသိတာ = နှစ်သက်ရွှင်လန်းခြင်းသို့ရောက်သော နတ်များ၏ ဌာန
နိမ္မာနရတိ = ကိုယ်တိုင်ဖန်ဆင်းအပ်သော စည်းစိမ်၌ မွေ့လျော်သော နတ်များ၏ ဌာန
ပရနိမ္မိတဝသဝတ္တီ = သူတစ်ပါးတို့ ဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်သော နတ်များ၏ ဌာန
အပါယ် ၄-ဘုံနှင့် ကာမသုဂတိ ၇-ဘုံ = ပေါင်း ၁၁-ဘုံကို ကာမ ၁၁-ဘုံ ဟုလည်း ခေါ်၏။
ရူပါဝစရဘုံ (၁၆)
ပထမဈာန် ၃-ဘုံ
‘ဗြဟ္မပါရိသဇ္ဇာ’ = မဟာဗြဟ္မာကြီး၏ အခြံအရံ ဗြဟ္မာများ၏ ဌာန
‘ဗြဟ္မပုရောဟိတာ’ = မဟာဗြဟ္မာကြီး၏ အမှုကိစ္စတို့ကို ရှေ့ဆောင် စီမံတတ်သော ဗြဟ္မာများ၏ ဌာန
‘မဟာဗြဟ္မာ’ = ဗြဟ္မာမင်းကြီးများ၏ ဌာန
ဤသုံးဘုံမှာ တပြင်တည်း၌ တည်ရှိပြီး ပထမဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏။
ဒုတိယဈာန် ၃-ဘုံ
‘ပရိတ္တာဘာ’ = နည်းသော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အပ္ပမာဏာဘာ’ = များသော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အာဘဿရာ’ = ပိုမို တောက်ပြောင်သော ဗြဟ္မာများ၏ ဌာန
ဤသုံးဘုံမှာလည်း တပြင်တည်းရှိပြီး ဒုတိယဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏။
တတိယဈာန် ၃-ဘုံ
‘ပရိတ္တသုဘာ’ = နည်းသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အပ္ပမာဏသုဘာ’ = များသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘သုဘကိဏှာ’ = အမျိုးမျိုးရောပြွမ်းသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
စတုတ္တဈာန်ဘုံ ၇-ဘုံ
‘ဝေဟပ္ဖိုလ်ဘုံ’၊ ‘အသညသတ်ဘုံ’၊
‘အဝိဟာဘုံ’၊ ‘အတပ္ပါဘုံ’၊ ‘သုဒဿာဘုံ’၊ ‘သုဒဿီဘုံ’၊ ‘အကနိဋ္ဌဘုံ’ ဟူ၍ စတုတ္ထဈာန် ၇-ဘုံ ရှိ၏။
ဝေဟပ္ဖိုလ်ဘုံ = ပြန့်ပြောကြီးမားသောအကျိုးရှိသော ဗြဟ္မာကြီးများ၏ ဌာန
အသညသတ်ဘုံ = စိတ်, စေတသိက်တို့ မရှိဘဲ ရုပ်ခန္ဓာကြီးသာရှိသော ဗြဟ္မာကြီးများ၏ ဌာန
ဤဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှာ တပြင်တည်း ရှိ၏။
အဝိဟာဘုံ = မိမိတို့ဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းများစွာကြာအောင် တည်နေသော ဗြဟ္မာကြီးများ၏ ဌာန
အတပ္ပါဘုံ = မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသော ဗြဟ္မာကြီးများ၏ ဌာန
သုဒဿာဘုံ = အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော (ကြည့်ချင်ဖွယ်အလွန်ကောင်းသော) ဗြဟ္မာကြီးများ၏ ဌာန
သုဒဿီဘုံ = သူတစ်ပါးကို ပကတိစက္ခု၊ ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန်မွန် ရှုစားတတ်သော ဗြဟ္မာကြီးများ၏ ဌာန
အကနိဋ္ဌဘုံ = စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို သေးငယ်သောသဘော မရှိကြ၊ အထက်တန်းကျသော ဗြဟ္မာကြီးများ၏ ဌာန
ဤအဝိဟာဘုံမှ အကနိဋ္ဌဘုံ ၅-ဘုံကို စင်ကြယ်သော ပုဂ္ဂိုလ်များ၏နေရာ သုဒ္ဓါဝါသ ၅-ဘုံဟု ခေါ်၏။ အနာဂါမ်ပုဂ္ဂိုလ်များမှ ဤဘုံများတွင် ဖြစ်၏။
အရူပါဝစရဘုံ (၄)
ရူပါဝစရဘုံအထက်၌ ‘အာကာသာနဉ္စာယတနဘုံ’၊ ‘ဝိညာဏဉ္စာယတနဘုံ’၊ ‘အာကိဉ္စညာယတနဘုံ’၊ ‘နေဝသညာနာသညာယတနဘုံ’ အရူပါဝစရ ၄-ဘုံ ရှိ၏။
အာကာသာနဉ္စာယတနဘုံ = အာကာသာနဉ္စာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသေန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
ဝိညာဏဉ္စာယတနဘုံ = ဝိညာဏဉ္စယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
အာကိဉ္စညာယတနဘုံ = အာကိဉ္စညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
နေဝသညာနာသညာယတနဘုံ = နေဝသညာနာသညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက်
အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
သက်တမ်း
အပါယ်ဘုံ၊ လူ့ဘုံ၊ ဘုမ္မစိုးနတ်တို့မှာ သက်တမ်း မမြဲ။
အပါယ်ဘုံ၌ အကုသိုလ်ရှိသလောက် ခံကြရ၏။
လူ့တို့၏ သက်တမ်းမှာ ကျမ်းဂန်များအရ ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်း တက်လိုက် ကျလိုက် သွားနေ၏။
ဘုမ္မစိုးနတ်ကြီးများမှာ အချို့ အလွန် အသက်ရှည်၏။ အချို့ မရှည်။ သက်တမ်း မမြဲ။
စတုမဟာရာဇ်ဘုံမှာ နတ်သက် ၅၀၀၊ လူသက် ၉-သန်း။
အထက်နတ်ဘုံများသို့ နတ်သက် ၂-ဆ၊ လူသက် ၄-ဆစီ တက်သွားသဖြင့် -
တာဝတိံသာဘုံမှာ နတ်သက် ၁၀၀၀၊ လူသက် ၃၆-သန်း၊
ယာမာဘုံမှာ နတ်သက် ၂၀၀၀၊ လူသက် ၁၄၄-သန်း၊
တုသိတာဘုံမှာ နတ်သက် ၄၀၀၀၊ လူသက် ၇၅၆-သန်း၊
နိမ္မာနရတိဘုံမှာ နတ်သက် ၈၀၀၀၊ လူသက် ၂၃၀၄-သန်း၊
ပရနိမ္မိတဝသဝတ္တီဘုံမှာ နတ်သက် ၁၆၀၀၀၊ လူသက် ၉၂၁၆-သန်း ဖြစ်၏။
အထက်ဘုံ – ဗြဟ္မာ ၂၀။
အလယ်ဘုံ – နတ်ပြည် ၆ ထပ်၊ လူ့ဘုံ တစ်ဘုံ။
အောက်ဘုံ – အပါယ်လေးဘုံ။
ကုသိုလ်ကြောင့် လူဘ၀ရောက်လာရင် သံသရာအဆက်ဆက်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေပါ
ပေါင်းပြီးအကျိုးပေးသလို (ရေများရေနိုင်) အကုသိုလ်ကြောင့်
အပါယ်ဘုံရောက်ရင်လည်း သံသရာအဆက်ဆက်ကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေပါ
ပေါင်းပြီးအကျိုးပေးပါတယ်။ (မီးများမီးနိုင်)
အထက်ဘုံ (ဗြဟ္မာ)
ပထမဈာန် ၃ ဘုံ သက်တမ်း
ဗြဟ္မပါရိသဇ္ဇာ ၀ိဝဋ္ဋဌာယီ အသချေီယကပ် ၁/၃
ဗြဟ္မပုရောဟိတာ ၂/၃
မဟာဗြဟ္မာ ၁
ဒုတိယဈာန် ၃ဘုံ
ပရိတ္တာဘာ ၂ ကမ္ဘာ
အပ္ပမာဏာဘာ ၄ ကမ္ဘာ
အီဘဿရာ ၈ ကမ္ဘာ
တတိယဈာန် ၃ ဘုံ
ပရိတ္တသုဘာ ၁၆ ကမ္ဘာ
အပ္ပမာဏသုဘာ ၃၂ ကမ္ဘာ
သုဘကိဏှာ ၆၄ ကမ္ဘာ
စတုတ္ထဈာန် ၃ ဘုံ
ဝေဟပ္ပိုလ် ၅၀၀ ကမ္ဘာ
အသညသတ် ၁၀၀၀ ကမ္ဘာ
အ၀ိဟာ ၁၀၀၀ ကမ္ဘာ
အာတပ္ပါ ၂၀၀၀ ကမ္ဘာ
သုဒဿာ ၄၀၀၀ ကမ္ဘာ
သုဒဿီ ၈၀၀၀ ကမ္ဘာ
အကနိဋ္ဌ ၁၆၀၀၀ ကမ္ဘာ
အရူပဗြဟ္မာ ၄ ဘုံ
အာကာသာ နဉ္စာယတန ၂၀၀၀၀ ကမ္ဘာ
ဝိညာဏဉ္စယတန ၄၀၀၀၀ ကမ္ဘာ
အာကိဉ္စညာယတန ၆၀၀၀၀ ကမ္ဘာ
နေ၀သညာနာသ ညာယတန ၈၄၀၀၀ ကမ္ဘာ
အလယ်ဘုံ
နတ်ပြည် ၆ ထပ်
စတုမဟာရာဇ် အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၁ ရက်=လူနှစ် ၅၀ ညီမျှ၏။)
တာဝတိံသာ နှစ်ပေါင်းသုံးကုဋေနဲ့ ခြောက်သန်း။ (၁ရက်= လူနှစ် ၁၀၀ ညီမျှ၏)
ယာမာ နှစ်ပေါင်း တစ်ဆယ့်လေးကုဋေနဲ့ လေးသန်း။
(၁ ရက်= လူနှစ် ၂၀၀ ညီမျှ၏။)
တုသိတာ နှစ်ပေါင်း ငါးဆယ်ခုနှစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်=လူနှစ်၄၀၀ နှစ် ညီမျှ၏။)
နိမ္မာနရတိ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေနဲ့လေးသန်း။
(၁ ရက်= လူ နှစ် ၈၀၀ နှစ်)
ပရနိမ္မိတ၀သ၀တ္တိ နှစ်ပေါင်း ကိုးရာနှစ်ဆယ့်တစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်= လူ နှစ် ၁၆၀၀ ညီမျှ၏။)
လူ့ဘုံ ဒါန၊ သီလ၊ ပညာတည်းဟူသော ကုသိုလ်တရားပြုလုပ်နိုင်သော
တစ်ခုတည်းသောဘုံ။
အပါယ်လေးဘုံ
ငရဲ – ၈ ထပ် ရှိပါတယ်။ တစ်ထပ်ချင်းစီမှာ အရံငရဲငယ် (၅)ထပ် ခြံရံပါသေးတယ်။ ဘင်၊ ပြာ၊ လက်၊ သန်၊ ကြိမ် ပတ်ရံတွေပါပဲ။
ဘင် ဆိုတာ ဘင်ပုပ်ငရဲ။
အညစ်အကြေးတွေ ပိုးလောက်တွေ အပြည့်ရှိနေပါတယ်။ ညစ်ညမ်းတဲ့အနံ့တွေလည်း ရှုရတယ်။
အဲ့ဒီထဲကျသွားရင် အဲ့ဒီမှာရှိတဲ့ ပိုးလောက်တွေက အသားတွေ ကလီစာတွေ
ထိုးဖောက်စားကြပြီး သေလည်း မသေရပါဘူး။ အကုသိုလ်ကံတွေကြောင့် ခံနေရတာပါ။
ပြာ ဆိုတာ ပြာပူငရဲ။
အဲ့ဒီပြာထဲထည့်လိုက်ရင် ခန္ဓာကိုယ်က ကြေသွားတာပါတယ်။
လက် ဆိုတာ လက်ပံတော်ငရဲ။
လက်ပံတောမှာ အပင်ကြီးတွေရှိပါတယ်။ အပင်အောက်ထိုင်တာနဲ့ အပေါ်ကလက်ပံပွင့်ရဲ့အပွင့်တွေ၊
အရွက်တွေ၊ အသီးတွေဟာ ဓားတွေ၊ လှံတွေ၊ ပေါက်စိန်တွေ လက်နက်ချည်းတွေဖြစ်ပြီး
လက်တွေ၊ ခြေတွေ၊ ခေါင်းတွေ ပြတ်ခံရတာပါတယ်။
သန် ဆိုတာ သန်လျက်ရွက်တော ငရဲ။
သန်လျက်ရွက်တောက အရွက်တွေစိမ်းလို့နေပါတယ်။ ဒီတောထဲတိုးသွားတဲ့ငရဲသားတွေရဲ့ လက်တွေ၊ ခြေတွေကို ဖြတ်ပစ်တာပါပဲ။
ကြိမ် ဆိုတာ ကြိမ်ပိုက်ချောင်း ငရဲ။
အဲ့ဒီချောင်းထဲမှာ ကြိမ်တွေရှိပါတယ်။ ရေဆာတယ်ဆိုရင် အဲ့ဒီကြိမ်ပိုက်ချောင်းထဲ
ပစ်ချလိုက်တာပါပဲ။ အဲ့ဒီကြိမ်တွေကလည်း လက်ထိလက်ပြတ်၊
ခေါင်းထိခေါင်းပြတ်ပါပဲ။ ပြတ်လည်း မသေရ။ အသစ်ပြန်ဖြစ် အသစ်ပြန်ခံရတာပါပဲ။
(အကုသိုလ်အကျိုးပေးများတော်တော်ကြောက်ဖို့ကောင်းစွ။)
၁) သဉ္ဇိုင်း ငရဲ အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၈ဆနဲ့ တစ်ထပ်ချင်းစီမြောက်သွားပါ။)
၂) ကာလသုတ် ငရဲ
၃) သံဃာတ ငရဲ
၎) ရောယုဝ ငရဲ
၅) မဟာရောယုဝ ငရဲ
၆) တာပန ငရဲ
၇) မဟာတာပန ငရဲ
၈) အ၀ီစိ ငရဲ
တစ်ထပ်နှင့် တစ်ထပ်သည် ယူဇနာတစ်သောင်းငါးထောင်စီဝေးပြီး အစဉ်လိုက်ရှိသည်။ တစ်ယူဇာသည်
ဆယ်မိုင်ခန့် တချို့ကတော့ ဆယ်သုံးမိုင်ရှိတယ်လို့ ဆိုပါတယ်။
တိရစ္ဆာန် စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်ခံစားခြင်း။
အသူရကာယ် ရောင့်ရဲခြင်းကင်းသည်။ နေ့စံ ညခံ၊ ညစံ နေ့ခံ စသည့် ပြိတ္တာများ။
ပြိတ္တာ သရဲ၊ မင်၊ ကျပ် စသည်။
moe kya shwe ko ဆိုဒ်မှကူးယူသည်။
ဗုဒ္ဓသားတော်(စိုးမင်းသူ)

ไม่มีความคิดเห็น:

แสดงความคิดเห็น