วันอังคารที่ 23 สิงหาคม พ.ศ. 2559

ကောင်းသောစကား

ဆရာဦးဆန်းလင်း(ဆည်မြောင်း)ဆရာရဲ့ပုံကိုကျွန်တော်googleမှာရှာမတွေ့ပါ၍ youtubeမှတဆင့်ဆရာရဲ့ပုံကို ကျွန်တော်screenshotsလေးလုပ်ပြီး ဆရာရေးသားထားသော အနန္တဂုဏ်ရည် မဂ္ဂဇင်း
အတွဲ(၅)၊ အမှတ်(၁၀)တွင်ပါရှိသေား #ကောင်းသောစကား ဒေသနာအဆုံးအမကို ကျွန်တော်googleမှတဆင့် တွေ့ရှိနာယူ၍ အများသိရှိစေရန်အတွက် copyယူ၍ ခုလို ဓမ္မမိတ်ဆွေများ ဖက်ရှု့နိုင်အောင် postအဖြစ်တင်ပေးလိုက်ပါသည်။
စိုးမင်းသူ(ရန်ကုန်)

**#ကောင်းသောစကား#**

ကိလေသာဟူသည် မိမိပင်ကိုယ်သဘောအားဖြင့် လည်းပူလောင်၏။ မိမိစွဲမှီ၍ ဖြစ်လာသောသူကို လည်း ပူလောင်၏။ အခြားသူကိုလည်းဆက်ပြီး ပူလောင်စေ၏။ အခြားသူကိုလည်းဆက်ပြီးဆက် ပြီး ပူလောင်စေ၏။ မိမိစွဲမှီပြီးဖြစ်သည့် လူကိုလည်း နှိပ်စက်တတ်၏။ ဖျက်လည်းဖျက်စီးတတ်၏။ ဤကဲ့သို့ပူလောင်စေတတ်နှိပ်စက်တတ်သော တရားအမျိုးမျိုးကို ပါဠိာသာဖြင့်ကိလေသာဟုခေါ် ခြင်းဖြစ်ပေသည်။

ကိလေသာသည် ရုပ်သဘောမဟုတ်၊ နာမ်သဘော ဖြစ်သည်။ သဘောအားဖြင့်လည်းတစ်ခုလည်းသာ ရှိသည်။ သို့သော်ဖြစ်ပုံအခြင်းအရာအလိုက်ကိလေ သာဖြစ်ထိုက်သော တရားတို့ကို နာမ်လောက၌ရှာ ကြည့်သောအခါ (၁၀)မျိုးရှိကြောင်းမြတ်စွာဘုရား တွေ့ရှိတော်မူသည်။ ပယ်အပ်ကြောင်းအတိအလင်း ဟောတော်မူသည်။

မြတ်စွာဘုရားသည် ထိုကိလေသာတို့မှဝေး၏။ ထိုကိလေသာတို့ကိုပယ်၏။ သံသရာစက်ဝန်း၏ အကန့်အထောက်တို့ကို ဖျက်ဆီး၏။ ပူဇော်ခံထိုက် ၏။ ဆိတ်ကွယ်ရာအရပ်၌ဖြစ်စေကာမူ မကောင်းမှု ကို မပြုလုပ်။ ဤသည်ကို အရဟံဂုဏ်တော်ဟုခေါ် ပေသည်။ ဤဂုဏ်တော်မျိုးရရှိရန် အဘယ်မျှခက်ခဲ မည်နည်း။ အလေးအနက်စဉ်းစားကြည့်ရန်ပင်ဖြစ် သည်။

ဆရာမြတ်တို့သည်အရဟံအစ ဘဂ၀ါအဆုံးဘုရား ရှင်၏ဂုဏ်တော်ကိုးပါးကိုတစ်ခုနှင့်တစ်ခု ကွင်းဆက် အနေဖြင့် အကြောင်းအကျိုးဆက်စပ်၍လည်းဖော် ပြကြ၏။ ကွင်းဆက်ဖြစ်ပုံမှာ

အရဟံအရ ကိလေသာတို့ကိုပယ်နိုင်သောကြောင့် မဖောက်မပြန်ကိုယ်တော်တိုင် တရားအားလုံးကို သိသည့် သမ္မာသမ္ဗုဒ္ဓဂုဏ်ကို ရပေသည်။ ၀ိဇ္ဇာ စရဏနှင့်ပြည့်စုံသည့်အတွက်ကြောင့် သမ္မာသမ္ဗုဒ္ဓ ဂုဏ်ကိုရ၏။ ကောင်းသောနိဗ္ဗာန်ကိုကြွသွားနိုင် သည့် အဆင့်သို့ရောက်သောကြောင့် ၀ိဇ္ဇာစရဏသမ္ပန္န ကိုရ၏။ သုဂတောဂုဏ်ရှိ၍သာ လောက၀ိဒူဂုဏ် ဖြစ်လေသည်။ လောကအားလုံးကို သိသည့်အတွက် ကြောင့် လောကကိုဆုံးမနိုင်သော အနုတ္တရောပုရိသ ဒမ္မသာရထိဖြစ်လာ၏။ သတ္ထာဆရာဖြစ်၍သူတစ်ပါး တို့အား သစ္စာလေးပါးကို သိအောင်ဟောနိုင်သည့် ဗုဒ္ဓဖြစ်လာ၏။

ဗုဒ္ဓဟူသည့်အဆင့်သို့ရောက်သောအတွက်ကြောင့်ပင် ဘဂ၀ါဘုန်းတော်တို့နှင့်ပြည့်စုံခြင်းဖြစ်လေသည်။

တစ်နည်းအားဖြင့် ဘဂ၀ါဖြစ်၍ ဗုဒ္ဓဖြစ်လေသည်။ ဤကဲ့သို့လည်း ဂုဏ်တော်ကွင်းဆက်ကိုဖော်ပြကြ ကုန်၏။ (ပရိတ်ကြီးဋီကာ )

ဤနေရာ၌မိမိတို့အနေဖြင့် လူနှင့်လူ့ပတ်ဝန်းကျင်၌ နေ့စဉ်နှင့်အမျှအပြုမဖြစ်ပြုနေရသည်ကား စကား ဖြစ်လေသည်။ စကားကြောင့်ပင် အလုပ်မှန်သမျှ၏ အနက်အဓိပ္ပါယ်ကိုသိခွင့်ရ၏။ ဖော်ပြခွင့်ရ၏။ စိတ် ထဲရှိနေသော သဘောကို သူတစ်ပါးသိအောင်ဖော် ပြရာ၌လည်း စကားဖြင့်ပင်ဖော်ပြရ၏။ ထိုစကားကို ကြည့်၍ ထိုလူ၏ဇာတိပြမှုအမှန်သဘောကို နှိုက်ဝင် သိမြင်နိုင်ကြပေသည်။ ကာယကံမှုပြုသင့် မပြုသင့် ကိုလည်း ဆုံးဖြတ်ကြရပေသည်။ စကားဟူသည် စာ၏ ရှေးပြေးနိမိတ်ဟူ၍လည်း ဆိုခွင့်ရှိလေသည်။

ထို့ကြောင့်ကြည်ညိုလိုက်နာကျင့်သုံးဖွယ်ရာ သုဂတောဂုဏ်တော်၏ အဖွင့်အမှာကိုအကျဉ်းမျှ တင်ပြလိုက်ရပေသည်။

ပါရမီတော်ဓါတ်အစဉ်ကပ်၍လာခြင်း ကောင်းတော် မူသော မြတ်စွာဘုရား

နိဗ္ဗာန်အောင်ချာ ရွှေပြည်သာသို့သွားခြင်းကောင်း တော်မူသောမြတ်စွာဘုရား။

စကား(၆)ခွန်းလူ၌ထွန်းလျက်(၂)ခွန်းကိုသာ ကျိုး ရှိရာကို ကောင်းစွာမသွေ ပြောဆိုတော်မူသော မြတ်စွာဘုရား။

ပါရမီ(၁၀)ပါး၊ အပြား(၃၀)၊ စွန့်ခြင်းကြီး(၅)ပါး၊ ဘာဝနာကြီး(၄)ပါးတို့သည် လောက၌ဗုဒ္ဓနှင့် ယှဉ်၍ မည်သူတစ်ဦးတစ်ယောက်ကမျှပြုလုပ် နိုင်ခဲ့သူဟူ၍ မရှိ။ ဤသို့မြင့်မြတ်သည့်အထက် တန်းကျသည့် လုပ်ငန်းတို့ဖြင့် ပုညသမ္ဘာရတို့ စုစည်းပြည့်စုံခဲ့၍ ဗုဒ္ဓအဖြစ်ကို ရရှိလာရကား ပါရမီတော်ဓါတ်အစဉ်ကပ်၍ လာခြင်းကောင်း တော်မူသော မြတ်စွာဘုရားဟူ၍သာ ဆိုထိုက် ပေတော့၏။

ဘုရားရှင်သည် လူ့လောက၌ ပြောဆိုနေကြ သော စကား(၆)ခွန်းတို့အနက်လေးခွန်းကို ပယ်ပြီး(၂)ခွန်းကိုသာ ပြောဆိုတော်မူလေ သည်။ ထို့ကြောင့် သုဂတောဂုဏ်ရှိ၏။

လူတို့နေ့စဉ်ပြောဆိုနေကြသော ဘာသာစကား လုံးရေ သိန်းသန်းကုဋေလောက်ကို အရည်အချင်း ပိုင်းမှ စနစ်တကျခွဲခြားကြည့်လျှင်(၆)မျိုးသာဖြစ် ကြောင်း သိအပ်၏။ ၄င်းစကား(၆)မျိုးမှာကား
၁။ မဟုတ်မမှန်၊ အကျိုးမရှိ၊ လူမကြိုက်သောစကား။
၂။ မဟုတ်မမှန်၊ အကျိုးမရှိ၊ လူကြိုက်သောစကား။
၃။ ဟုတ်မှန်၊ အကျိုးမရှိ၊ လူမကြိုက်သောစကား။
၎။ ဟုတ်မှန်၊ အကျိုးမရှိ၊ လူကြိုက်သောစကား။
၅။ ဟုတ်မှန်၊ အကျိုးရှိ၊ လူမကြိုက်သောစကား။
၆။ ဟုတ်မှန်၊ အကျိုးရှိ၊ လူကြိုက်သောစကား။

ဤ(၆)ခွန်းသောစကားတို့ဖြစ်ကြလေသည်။ ၄င်း (၆)ခွန်းတို့တွင် သင့်အဖေသည် တိရစ္ဆာန်တစ်ကောင်ဖြစ်၏ဟု ပြော သောစကားမျိုးသည် ပထမစကားမျိုးဖြစ်၏။ မဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ အပြောခံ ရသူလည်းမကြိုက်။

ပေါင်မုန့်လိုမျက်စိကျိုး၊ သွားဟောက်တောက်ကန်း ဟုပြောသောစကားမျိုးသည် မဟုတ်မမှန်၊ အကျိုး မရှိ သို့သော် အချို့က ရယ်စရာအနေဖြင့်ကြိုက်၏။ ဤစကားမျိုးသည် ဒုတိယစကားမျိုးဖြစ်လေသည်။

မီးသည်ပူသည် ရေသည်အေးသည် ဟူ၍ပြောဆို သော စကားမျိုးသည် တတိယစကားမျိုးဖြစ်လေ သည်။ ဟုတ်မှန်၏။ သို့သော်အကျိုးလည်းမရှိ။ ကြားရသူလည်းမကြိုက်။

ပင်လယ်သမုဒ္ဒရာကြီးသည်အလွန်ကြီး၏။ အလွန်ကျယ်၏။ လှိုင်းလုံးကြီးများအလွန်ကြီး၏။ ဤစကားမျိုးသည် ဟုတ်မှန်၏။ အကျိုးမရှိ။ သို့သော် အချို့နားထောင်ချင်ကြ၏။ စတုတ္ထစကားမျိုးတွင် အကျုံးဝင်၏။

အရက်မှုးလေ့ရှိသူသည် ကုသိုလ်တရားတို့ကို မေ့လျော့တတ်၏။ နောင်ဘ၀၌ဉာဏ်ထိုင်း၏။ ရှုးတတ်၏။ ဤသို့သောစကားမျိုးသည် ပဉ္စမ စကားမျိုးဖြစ်သည်။ ဟုတ်လည်းဟုတ်၏။ အကျိုးလည်းဖြစ်ထွန်း၏။ သို့သော်အရက်သမား ထုကမူမကြိုက်ကြချေ။

လူမိုက်ကိုမမှီဝဲ၊ မဆည်းကပ်လေနှင့်၊ ပညာရှိ သူတော်ကောင်းကို မှီဝဲဆည်းကပ်ပါ။ ဤစကား မျိုးသည် ဟုတ်လည်းဟုတ်၏။ အကျိုးလည်း ရှိ၏။ ကြားနာသူလည်းကြိုက်၏။

မြတ်စွာဘုရားရှင်မှာမူကား မိမိပြောသောစကား သည် ဟုတ်မှန်ရမည်။ အကျိုးရှိရမည်။ ဤနှစ် ချက်နှင့်ပြည့်စုံသည်။ မဟုတ်မမှန်သောစကား ကို ဘယ်သောအခါမျှမပြော။ ဤကားမြတ်စွာ ဘုရားရှင်၏မူဖြစ်သည်။ ကြားရသူကြိုက်မကြိုက် ကိုမူ သိပ်မလိုက်ချေ။ မကြိုက်သော်လည်းအကျိုး ရှိသည်ကိုမြင်လျှင်ပြော၏။ အကျိုးလည်းရှိ။ ကြိုက်လည်းကြိုက်သောစကားကိုကားသာ၍ပင် ပြောတော်မူလေသည်။

ဤကဲ့သို့ သူမနာလိုသော်လည်း ဟုတ်မှန် အကျိုးရှိသောစကား၊ နာလည်းနာလို၊ ဟုတ်လည်း ဟုတ်မှန်၊ အကျိုးလည်းရှိသောစကား၊ စကားနှစ် ခွန်းကိုသာ အမြဲပြောဆိုတော်မူသည့်အတွက် မြတ်စွာဘုရားရှင်သည် သုဂတောဟူသောဂုဏ်ကို ရရှိပေသည်။

ဤသုဂတောဂုဏ်ကိုသေချာလေ့လာလျှင်မြတ်စွာ ဘုရားရှင်သည် လူပေါ်လူဇော်လုပ်လိုသည့်သဘော မျိုးဖြင့်လည်းကောင်း၊ လူ့အကြိုက်လိုက်လိုသည့် သဘောမျိုးဖြင့်လည်းကောင်း၊ မည်သည့်အခါမျှ စကားကို ပြောတော်မမူချေ။ ရှင်ဘုရင်ဖြစ်စေ၊ သူဌေးကြီးဖြစ်စေ မည်သူ့ကိုမျှအလိုလိုက်၍ စကားမဆိုချေ။

ကိုယ်စိတ်နှစ်ပါးဖြောင့်မတ်တည်ကြည်မှုသည် ဥဇု ဖြစ်၏။ စိတ်သဘောထားပါ ဖြောင့်မတ်တည်ကြည် မှုကိုမှုကား သုဟုဇု ဟုခေါ်ပေသည်။ တစ်နည်းအား ဖြင့်တစ်ခါတစ်ရံဖြောင့်မတ်မှုသည် ဥဇု ဖြစ်၏။ တစ်သက်လုံးဖြောင့်မတ်တည်ကြည်မှုကိုမှုကား သုဟုဇု ဟုခေါ်လေသည်။

သုဂတော ဂုဏ်ဓါတ်အစဉ်ကပ်လျက် သုဟုဇု ဂုဏ် လွှမ်းထုံနိုင်ကြပါစေကုန်သတည်း။

ဦးဆန်းလင်း(ဆည်မြောင်း)
အနန္တဂုဏ်ရည် မဂ္ဂဇင်း
အတွဲ(၅)၊ အမှတ်(၁၀)

ไม่มีความคิดเห็น:

แสดงความคิดเห็น